သာကေတ နိုဝင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသိမှတ်ပြုမှတ်ပုံတင်ထားသည့် ၃/မာန်ပြေရပ်ကွက်ရှိ မူလတန်းကြိုကျောင်းသို့ ယမန်နေ့ညနေ(၄:၀၀)နာရီအချိန်က မြို့နယ်တာဝန်ရှိသူများမှကွင်းဆင်းကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စွာဝင်းဦးဆောင်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက မူလတန်းကြိုကျောင်းမှဆရာမများ၊ ကလေးငယ်များနှင့်တွေ့ဆုံပြီး ကလေးငယ်များမှတေးသရုပ်ဖော်ဖြင့် ပြိုင်တူသီဆိုနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စွာဝင်းမှ ကလေးငယ်များ အာဟာရပြည့်ဝစေရေးအတွက် အပတ်စဉ်အာဟာရဒါနလှူဒါန်းနိုင်ရေး၊ ကလေးငယ်များကျန်းမာရေးနှင့်အညီ စာသင်ကြားနိုင်ရေး၊ ခြင်အန္တရာယ်ကင်းဝေးရေး၊ ရာသီတုပ်ကွေးနှင့်သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းကာဆောင်ရွက်မည့် လုပ်ငန်းများအား မူလတန်းကြိုကျောင်းတာဝန်ခံဆရာမနှင့်ညှိနှိုင်းကာ စီမံဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)