ကမာရွတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှု စစ်ဆေးခြင်းကို ဆက်လက်ကျင်းပ

ကမာရွတ် နိုဝင်ဘာ ၃၀

နိုင်ငံ​တော်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ထက်မြက်ပြီး ကျန်းမာကြံ့ခိုင်ကာ အကျင့်စာရိတ္တကောင်းမွန်၍ အထွေထွေဗဟုသုတများ နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် လူရည်ချွန်စိစစ်ရွေးချယ်ရေး စာမေးပွဲကို နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းကစတင်၍ ကမာရွတ်မြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပဖြေဆိုခဲ့ပါသည်။

ထိုသို့ ဖြေဆိုရာတွင် လူရည်ချွန်စာမေးပွဲတွင် နိုဝင်ဘာ ၂၈ ရက်နေ့က မြန်မာစာနှင့်အင်္ဂလိပ်စာ ကိုလည်းကောင်း၊ နိုဝင်ဘာ ၂၉ ရက်နေ့တွင် သင်္ချာဘာသာ၊ အထွေထွေဗဟုသုတရေးဖြေနှင့် နှုတ်ဖြေများကို ဖြေဆိုရပြီး ယနေ့ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို သထုံလမ်းရှိ တက္ကသိုလ်အားကစားကွင်း၌ ဆက်လက်စစ်​ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ လူရည်ချွန်စိစစ်ရွေးချယ်ပွဲသို့ မြို့နယ်အုပ်ချုပ်​ရေးမှူး၊ မြို့နယ်တာဝန်ခံပညာရေးမှူး ဦးဆန်းထွန်းနှင့် မိဘဆရာ အသင်းအဖွဲ့ဝင်များက ကြည့်ရှုအား​ပေးကြပါသည်။

အဆိုပါ ပြိုင်ပွဲဝင်​ရောက်ယှဉ်ပြိုင်​နေမှုကို အ​ခြေခံပညာ​ကျောင်းများ​ ကျောင်းအုပ်ကြီးများနှင့်၊ ဆရာ၊ ဆရာမများမှ ကြီးကြပ်ကာ ကမာရွတ်မြို့နယ်အတွင်းရှိ အ​ခြေခံပညာ​ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း​ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၁)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရသည်။

စိမ်းလဲ့(ပြန်/ဆက်)