ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးအရည်အချင်းစစ်စာမေးပွဲ ဆက်လက်ကျင်းပ

ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း မြို့နယ်ဂုဏ်ဆောင်ဘက်စုံထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရေးရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများမှ (G-9,G-10, G-11)တို့တွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးအား လူရည်ချွန်ရွေးချယ်ရေးအတွက် အရည်အချင်းစစ်စာမေးပွဲကို ယနေ့နံနက်ပိုင်းမှစ၍ အခြေခံပညာအထက်တန်းကျောင်း (အထက-ခနောင်တို)ခန်းမတွင် ဆက်လက်ကျင်းပပြုလုပ်ပေးလျက်ရှိသည်။

ထိုသို့ ထူးချွန်ကျောင်းသား ရွေးချယ်‌ရေးအတွက် အရည်အချင်းစစ်စာမေးပွဲကို ကျင်းပလျက်ရှိရာ ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့တွင် မြန်မာစာနှင့်အင်္ဂလိပ်စာ၊ နိုဝင်ဘာ ၂၉ ရက်နေ့တွင် အထွေထွေဗဟုသုတ လူတွေ့နှုတ်ဖြေနှင့် နိုဝင်ဘာ ၃၀ ရက် ယနေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းစသည့် ဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးမှ ကြိုးစားဖြေဆိုလျက်ရှိပြီး၊ ၎င်းတို့အနက်မှ ကျောင်းသား ၃ ဦး၊ ကျောင်းသူ ၃ ဦး စုစုပေါင်း ၆ ဦးအား မြို့နယ်လူရည်ချွန်အဖြစ် ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝေယံ(IPRD)