မော်လမြိုင်မြို့၌ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု  အထိမ်းအမှတ်ကျား၊ မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြော

မော်လမြိုင်  နိုဝင်ဘာ ၃၀

မော်လမြိုင်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို  ယနေ့ နံနက်ပိုင်းက အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးများနှင့်ကလေးသူငယ်များ စွမ်းရည်မြှင့်တင်ရေးရှေ့ဆောင်အဖွဲ့စီမံချက် မန်နေဂျာဦးမင်းစည်သူက ကမ္ဘာပေါ်မှာ အမျိုးသမီးများနှင့်မိန်းခလေးငယ်များအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းဟာ ကျန်းမာရေးပြဿနာရပ်အဖြစ်သာမက လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်သွားစေရန်ရည်မှန်းပြီး ၁၉၉၁ ခုနှစ်မှစတင်ကာ အမျိုးသမီးများအား အကြမ်းဖက်မှုဆန့်ကျင့်သည့်(၁၆)ရက်တာလှုပ်ရှားမှုများကို နှစ်စဉ်နိုဝင်ဘာ(၂၅)ရက်မှ ဒီဇင်ဘာ(၁၀)ရက်နေ့ထိ ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်မှစတင်ပြီး (၁၆)ရက်တာ လှုပ်ရှားမှုများကို လူမှုဝန်ထမ်းဦးစီးဌာနမှဦးဆောင်ကာ UN ၊ INGO ၊ NGO ၊ အမျိုးသမီးအရေးတက်ကြွစွာ လှုပ်ရှားနေသောအဖွဲ့များဖြင့် နှစ်စဉ်ကျင်းပလျက်ရှိကြောင်းစသည့်  အမျိုးသမီးများအတွက် ဆောင်ရွက်ချက်များစသည့်တို့ကို အကျယ်တဝင့် ဆွေးနွေးရှင်းလင်းပြောကြားခဲ့သည်။  

ထို့နောက် မော်လမြိုင်မြို့နယ် လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်၀င်း၀င်းမာက အကြမ်းဖက်မှုကိစ္စရပ်ဖြစ်ပေါ်ရသည့်အခြေအနေများ၊  လက်ရှိမြန်မာနိုင်ငံအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဖြစ်ပွားခဲ့မှုအ‌ခြေအနေများနှင့် ကျားမအခြေပြုအကြမ်းဖက်မှုဖြစ်ပွားအောင် ထောက်ပံ့ပေးသည့် အကြောင်းအရာများ၊  ရှေးမြန်မာတို့၏အယူအဆများ၊ အကြမ်းဖက်မှုတုံ့ပြန်ဆောင်ရွက်မှုအတွက် အခြေခံလမ်းညွန်ချက်များ၊  ပြစ်မှုကျူးလွန်သူများအားပြစ်မှုနှင့် ပုဒ်မ(ကျင့်ထုံး)၊ ပြစ်ဒဏ်များ၊ အကြမ်းဖက်မှုဖြစ်ပွားပါကတိုင်ကြားဆက်သွယ်ရမည်နေရာများ၊ ကျေးလက်ဒေသနေ အမျိုးသမီးများ၏အခွင့်အရေးများ၊ လက်ထပ်ထိမ်းမြားခြင်းနှင့် မိသားစုဘဝတွင် တန်းတူညီမျှမှုအခြေအနေများ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၁၃၀)ဦးနှင့်ဆရာ/ဆရာမများတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်