သထုံ နိုဝင်ဘာ ၃၀
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဌာနတို့ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) အစီအစဉ်ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှဌေးက Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ခရိုင်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထွေးထွေးခိုင်က ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေ၊ ၂၀၁၆ ခုနှစ်ဆိုင်များနှင့်အလုပ်ဌာနများဥပဒေနှင့် (ILO)ပြဌာန်းချက်တို့အရ ကလေးအလုပ်သမား၏ အသက်အရွယ်အပိုင်းအခြားနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အသက်အရွယ်မပြည့်သည့် ကလေးအလုပ်သမားများခိုင်းစေမှုနှင့်ပတ်သက်၍ အလုပ်ရှင်များအပေါ် အကျိုးသက်ရောက်သည့် ဥပဒေအချက်အလက်များ၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်းကလေးအလုပ်သမားပပျောက်ရေး ဆောင်ရွက်နေမှုများ၊ စက်ရုံအလုပ်ရုံအသီးသီးတို့၌ ကလေးအလုပ်သမားများနှင့်ပတ်သက်သည့် ညွှန်ကြားထားမှုများစသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)