မိုင်းဖြတ်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်

မိုင်းဖြတ် နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက အထက(မိုင်းဖြတ်)ကျောင်းရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တာဝန်ရှိ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးမောင်နှင့် တပ်ဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးချမ်းမျိုးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင် အရာရှိ ဦးစိုင်းအေးမင်းနှင့် ဝန်ထမ်းများ၊ တာဝန်ရှိဌာနဆိုင်ရာများက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေကြသည့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်နိုင်ရေး၊  အန္တရာယ်တစ်စုံတစ်ရာမဖြစ်ပေါ်စေရေး အရှိန်လျော့မောင်းနှင်ရေး၊ နှစ်ဦးထက် ပိုပြီး မောင်းနှင်စီးနှင်းခွင့်မပြုရေးတို့ကို  အသိပညာပေးဆောင်ရွက်ခဲ့ပြီး   အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့အနေဖြင့် အသိပညာပေးခြင်းကို အပတ်စဉ်  ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယာဉ်မောင်းသူများ လိုက်နာရမည့်အချက်များကို လိုက်နာဆောင်ရွက်မှုများမရှိပါက ဥပဒေအရ ဒဏ်ပေးခြင်းစနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။                

မြို့နယ်(ပြန်/ဆက်)