ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီတွေ့ဆုံပွဲနှင့် စာကြည့်တိုက်မှတ်ပုံတင် ပေးအပ်ပွဲကျင်းပ

ရန်ကုန်   နိုဝင်ဘာ   ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီတွေ့ဆုံပွဲနှင့် စာကြည့်တိုက်မှတ်ပုံတင်ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။

ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီအဖွဲ့ဝင်ဦးဘိုကြည်(ဒေါက်တာ ဗိုလ်သံမဏိ-တောင်တွင်းကြီး)နှင့် ရုံးအဖွဲ့မှူးဦးဝင်းသိန်းတို့က အမှာစကားအသီးသီး ပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးများက မိမိတို့၏ မြို့နယ်အတွင်းရှိ စာကြည့်တိုက်များအခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ စာကြည့်တိုက်များမှ တာဝန်ခံများနှင့် စာကြည့်တိုက်မှူးများက မိမိတို့၏စာကြည့်တိုက်လုပ်ငန်းအခြေအနေများ၊ လိုအပ်ချက်များနှင့် အခက်အခဲရှိသည်များကို ဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက တင်ပြလာသည်များကို အပြန်အလှန် ဆွေးနွေးကြသည်။

ထို့နောက် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ စာကြည့်တိုက်မှတ်ပုံတင်ရရှိသည့် စာကြည့်တိုက်များကို ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက စာကြည့်တိုက်မှတ်ပုံတင်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)