၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်း ဆက်လက်ကျင်းပ

ပုဇွန်တောင်      နိုဝင်ဘာ      ၃၀

အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ထက်မြက်ပြီး ကျန်းမာကြံ့ခိုင်ကာ အကျင့်စာရိတ္တကောင်းမွန်၍ အထွေထွေဗဟုသုတများနှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲကို နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းကစတင်၍ ပုဇွန်တောင်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပဖြေဆိုလျက်ရှိသည်။

ထိုသို့ဖြေဆိုရာတွင် လူရည်ချွန်စာမေးပွဲတွင် နိုဝင်ဘာ ၂၈ ရက်နေ့က မြန်မာစာနှင့်အင်္ဂလိပ်စာ ကိုလည်းကောင်း၊ နိုဝင်ဘာ ၂၉ ရက်နေ့တွင် သင်္ချာဘာသာ၊ အထွေထွေဗဟုသုတရေးဖြေနှင့် နှုတ်ဖြေဖြေဆိုရပြီး ယနေ့ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့်ယုံကြည်မှုစစ်ဆေးခြင်းကို ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းဘောလုံးကွင်း၌ ဆက်လက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါလူရည်ချွန်စိစစ်ရွေးချယ်ပွဲသို့ မြို့နယ်ခေတ္တပညာရေးမှူးဦးသိန်းထွန်းအောင်မှကြီးကြပ်ကာ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အဋ္ဌမတန်းကျောင်းသား၊ ကျောင်းသူ(၁၁)ဦး၊ ဒဿမတန်းကျောင်းသား၊ ကျောင်းသူ(၇)ဦးနှင့် ဧကာဒဿမတန်းကျောင်းသား၊ ကျောင်းသူ(၄)ဦး၊ စုစုပေါင်း(၂၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။

ဟန်စုယဉ်