မုဒုံမြို့၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် လူရည်ချွန် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေး

မုဒုံ     နိုဝင်ဘာ     ၃၀

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌  ၂၀၂၂  -  ၂၀၂၃ ပညာသင်နှစ်  အခြေခံပညာအလယ်တန်း၊ အထက်တန်းမြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲတွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို   ယနေ့နံနက်  ၆  နာရီက မြို့နယ်အားကစားပြိုင်ဝင်းအတွင်း၌ ကျင်းပသည်။

နိုင်ငံတော်အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာစေရေးနှင့် ဘက်စုံပညာထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရန် မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများမှ အဋ္ဌမတန်းကျောင်းသား/သူ(၃၁)ဦး၊ ဒသမတန်းကျောင်းသား/သူ(၂၀)ဦး၊ ဧကာဒသမတန်း ကျောင်းသား/သူ (၂၀)ဦး စုစုပေါင်း(၇၁)ဦးတို့က ကိုယ်ကာယကြံ့ခိုင်မှုစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် မီတာ(၁၀၀)၊ မီတာ(၄၀၀)၊ မီတာ(၈၀၀)အပြေး၊ ဒိုက်ထိုး၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင် အားကစားစွမ်းရည်ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေတွင်(၄၀)မှတ်၊ ကိုယ်ကာယကြံ့ခိုင်မှု(၆၀)မှတ်တို့ဖြင့် ရွေးချယ်သွားမည်ဖြစ်ရာ အရွေးချယ်ခံရသည့် ကျောင်းသား/သူများအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်နယ်အဆင့် မော်လမြိုင်မြို့တွင် သွားရောက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)