ကျိုက်မရော နိုဝင်ဘာ ၃၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ နတ်စမ်းကွင်း၌ စိုက်ပျိုးထားသော နွေစပါးများ စနစ်တကျစိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးရေးဖြင့် အဓိကအသက်မွေးဝမ်းကျောင်းပြုသော ကျိုက်မရောမြို့နယ်တွင် မိုးစပါးအပြင် နွေစပါးများကိုလည်းတူးမြောင်း ရေရရှိမှုအပေါ်မူတည်၍ တောင်သူများကစိုက်ပျိုးလျက်ရှိရာ နွေစပါးလျာထားစိုက်ဧကအနေဖြင့် ၅၆၅၀ ဧက လျာထားရာ၌ ယခုအချိန်ထိစိုက်ပျိုးပြီးဧက စုစုပေါင်းမှာ(၃၁၀၄)ဧကကျော် စိုက်ပျိုးပြီးစီးပြီးဖြစ်ရာ ရာခိုင်နှုန်းအားဖြင့် ၅၅ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
နွေစပါးကို အောက်တိုဘာလကုန် သည်နှင့် စတင်စိုက်ပျိုးကြပြီး တူးမြောင်းနှင့်နီးသော လယ်မြေများတွင် ပိုမိုစိုက်ပျိုးကြကြောင်း နွေစပါးအများဆုံးစိုက်ပျိုးသည့် ကျေးရွာအုပ်စုမှာ ဓမ္မသတ်ကျေးရွာ၊ သံကလောင်ကျေးရွာ၊ တရနာကျေးရွာများဖြစ်ကြပြီး အဆိုပါကျေးရွာအုပ်စုများ၌ ဓမ္မသတ်မြစ်ရေတင်စီမံကိန်းဖြင့် ဂျိုင်းမြစ်အတွင်းမှ မြစ်ရေဖြင့် အားထားစိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းနေပြီး နတ်စမ်းကျေးရွာရှိ ကွင်းအမှတ် ၅၈၅/က ကွင်းတွင်တောင်သူဦးစောဟန်ပါတောင်သူလေးဦး၏ လယ်မြေဆယ်ဧက၌ မရင်းစပါးမျိုးဖြစ်သည့် နွေစပါးများကို တူးမြောင်းရေသွင်းပြီး စနစ်တကျစိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း နှစ်စဉ်အဆိုပါလယ်မြေများမှ တစ်ဧကလျှင် စပါးအစို ၈၆.၅၇ ရာခိုင်နှုန်းထိ ထွက်ရှိခဲ့ကြောင်း နွေစပါးစိုက်တောင်သူဦးစောဟန်ထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)