ကျိုက်မရော စက်တင်ဘာ ၂၁
မွန်ပြည်နယ်၊ကျိုက်မရော မြို့နယ်တွင်ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် Mask Campaign ဆောင်ရွက်မှုကို ယနေ့နံနက် ၉နာရီ ခန့်ကကျိုက်မရောမြို့အဝင် ထန်းပင်တန်းလမ်းဆုံနှင့် လူအများ ဝင်ထွက်သွားလာနေသည့် နေရာများ၌ ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျိုက်မရောမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ဝင် များနှင့် ကျိုက်မရောလူငယ်ပရဟိတ အဖွဲ့များပူးပေါင်း၍ အကြောင်းအမျိုးမျိုးကြောင့်အိမ်ပြင် ထွက်သူတိုင်းအား နှာခေါင်းစည်း (Mask) များ စနစ်တကျတပ်ဆင်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း မတပ်ဆင်ထားသူများအား နှာခေါင်းစည်း (Mask) များ ကိုတစ်ဦးလျှင် Mask ၂ခုစီ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။
ယခုအချိန်ကာလတွင် ကျိုက်မရောမြို့နယ်အတွင်းရှိ ပြည်သူများ၊ တာဝန်ဖြင့်သွားလာနေသူများအနေဖြင့် လူတိုင်းနီးပါး နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာနေကြသည်ကို တွေ့ရှိရကြောင်း ကျိုက်မရော လူငယ် ပရဟိတအဖွဲ့ခေါင်းဆောင် ဦးစောထူးလေး ထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး( ပြန်/ဆက်)