ညောင်ဦး နိုဝင်ဘာ ၃၀
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသားကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ညောင်ဦးမြို့နယ် ပုဂံမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ပဒေသာခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီအချိန်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကြားခံဆွေးနွေးသူအဖြစ် ဆောင်ရွက်သူ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး) က ကျောင်းသား၊ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားကာ ဦးဆောင်ဆွေးနွေးသူများဖြစ်သည့် ပုဂံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ မောင်နေသူရအောင် (Grade-11) က လူငယ်နှင့် အောင်မြင်မှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်နေလင်းအောင်(Grade-10)က လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ချမ်းအေး(Grade-11)က လူငယ်နှင့်ပန်းတိုင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနွေးနေခြည်ကို (Grade-10)က လူငယ်နှင့် နိုင်ငံ့စည်ကမ်း၊ မယုဇနအောင်(Grade-11)က ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးချမ်းပြည့်(Grade-11)က လူငယ်နှင့် ဆေးလိပ်ကင်းစင် ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ရဲဝင်းနိုင်(Grade-10)ကလူငယ်နှင့်စီးပွားရေးခေါင်းစဉ်တို့ဖြင့် ဦးဆောင်၍ အကြောင်းအရာခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများ၏ မေးမြန်းဆွေးနွေးချက်များကို ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက်ညွှန် ကြားရေးမှူး)နှင့် ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးတို့က ပြန်လည်ဖြည့်စွက်ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ညောင်ဦးခရိုင် စာသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ အခြေခံပညာဦးစီးဌာနမှ အထက(ပုဂံ)မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျေုာင်းသူများ အင်အား (၂၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ