ပြင်ဦးလွင် နိုဝင်ဘာ ၃၀
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၂)ဖွင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်ကြသည်။
ရှေးဦးစွာ ဗဟိုမီးသတ်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်နိုင်မှ ဒီသင်တန်းကို မျက်မှောက်ခေတ်ကာလမှာ ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ သဘာဝဘေးအန္တရာယ်မကြာခဏဖြစ်ပေါ်ကြုံတွေ့နေရသည့်အတွက် ဒီလိုဘေးအန္တရာယ်ကို မီးသတ်တပ်ဖွဲ့ဝင်တွေနှင့်အတူ ရှေ့တန်းကျကျတုံ့ပြန်ရင်ဆိုင်ကြရမယ့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်တဲ့ ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့များနှင့် စိတ်ပါဝင်စားသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ နိုင်ငံတကာမှာအသုံးပြုနေတဲ့ ခေတ်မီရှာဖွေကယ်ဆယ်ရေးနည်းစနစ်များနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျကိုင်တွယ်ထိန်းသိမ်းအသုံးပြုတတ်စေရန်နှင့် လက်တွေ့လေ့ကျင့်သင်ကြားပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တာဝန်ရှိသူများနှင့် ဗဟိုမီးသတ်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်နိုင်တို့မှ ခေတ်မီမီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းကို ပြင်ဦးလွင်ခရိုင် မီးသတ်စခန်းတွင် (၂၉- ၁၁-၂၀၂၂ )ရက်နေ့မှ (၉-၁၂-၂၀၂၂ ) ရက်နေ့အထိ သင်တန်းကာလ (၁၁)ရက်ဖြင့် နံနက် (၈)နာရီမှ ညနေ (၄)နာရီ (၄၅)မိနစ်အချိန်ထိ သင်တန်းနည်းပြဆရာများမှ မီးသတ်တပ်ဖွဲ့အခန်းကဏ္ဍနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ အခြေခံကြိုးချည်နည်း၊ ကြိုးကူးနည်းစနစ်၊ ကြိုးဆင်းနည်းစနစ်၊ ရှေးဦးသူနာပြုစုနည်းနှင့် ပတ်တီးစည်းနည်း၊ အသက်ရှူကိရိယာအသုံးပြုခြင်းနှင့် အမှောင်ထုအတွင်းလှုပ်ရှားသွားလာခြင်း စသည့်တို့ကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချလျက်ရှိရာ မီးသတ်တပ်ဖွဲ့ဝင်များဖြစ်တဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စုစုပေါင်း(၅၀)ဦး တက်ရောက်သင်ကြားလျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရှိရသည်။
ဇော်မျိုးထိုက်