လားရှိုး နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ဇဗ္ဗူအေးအေတီတပ်ဦး ပရိယတ္တိစာသင်တိုက် ပရိဝဏ်အတွင်း တည်ထားကိုးကွယ်ထားသော မဟာဇေယျသိဒိဆုတောင်ပြည့်စေတီတော် ရွှေထီးတော်တင်လှူခြင်းနှင့် ဗုဒဘိသေက အနေကဇာတင်လှူခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ဇဗ္ဗူအေးအေတီတပ်ဦး ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့်ဇနီး၊ ဒုတိယတိုင်းမှူးနှင့်ဇနီး၊ တိုင်းစစ်ဌာချုပ်မှ အရာရှိများနှင့် မိသားစုများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များနှင့် တက်ရောက်လာသူများက အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး ဇဗ္ဗူအေးအေတီတပ်ဦးကျောင်း ဦးစီးပဓာန နာယကဆရာတော် အဂမဟာမဏ္ဍိတ၊ ဘဒ္ဒန္တဥတ္တမထံမှ (၉)ပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ရေ၊ ပရိတ်ပန်းတို့ကို ဆရာတော်၊ သံဃာတော်တို့ထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်သော မေတ္တာသုတ်တရားတော်ကို နာယူခဲ့ကြသည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စေတီတော်မြတ်ကြီးအား ရည်မှန်း၍ ဆရာတော်၊ သံဃာ တော်များထံ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တို့ကို ဆက်ကပ်လှူဒါန်းခြင်း၊ ရွှေထီးတော်တို့အား ဘုံအဆင့်ဆင့် ရထားပျံဖြင့် ပင့်ဆောင်၍ ရွှေထီးတော်အား တင်လှူပူဇော်ခြင်း၊ ဆရာတော်၊ သံဃာတော်များက စေတီတော်အား ဗုဒဘိသေက အနေကဇာတင်လှူခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များအား တိုင်းမှူးနှင့် တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး