သန်လျင် နိုဝင်ဘာ ၃၀
သန်လျင်ခရိုင်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
ဦးစွာ သန်လျင်ခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များ၊ ပညာပေးအရေးယူဆောင်ရွက်ရေး၊ အနှေးယာဉ်အားလုံး ရောင်ပြန်စတေကာများအပြီးတပ်ဆင်ရေး၊ စည်းကမ်းပျက်ယာဉ်များ၊ လိုင်စင်မဲ့ယာဉ်များ ထိရောက်စွာအရေးယူဆောင်ရွက်ရေး၊ လမ်းဘေးကျုးကျော်ဈေးရောင်းချနေသူများ စနစ်တကျရှိရေး၊ ဆိုင်ကယ်စီးခွင့်ပြုထားသောမြို့နယ်တွင် ဆိုင်ကယ်စီးဦးထုပ်များစည်းကမ်းတကျတပ်ဆင်စီးနင်းရေး၊ ပညာပေးကာလကုန်ဆုံးပြီဖြစ်၍ စစ်ဆေးအရေးယူဆောင်ရွက်ခြင်းကို အရှိန်မြှင့်ဆောင်ရွက်သွားရေး အသေးစိတ်ဆွေးနွေးမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသော ခရိုင်နှင့်မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ယာဉ်ထိန်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ မြို့နယ်များအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဆောင်ရွက်မှု စစ်ဆေးအရေးယူမှုများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ခရိုင်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ခရိုင်အတွင်းစစ်ဆေးအရေးယူဆောင်ရွက်မည့်လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)