နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး အခြေခံဝါးလက်မှုပညာသင်တန်းဆင်းပွဲသို့ တက်ရောက်

ဥတ္တရသီရိ  နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း(MWCDF)မှ ကြီးမှူးဖွင့်လှစ်သည့် COVID-19 ရောဂါကာလအတွင်း ကျေးလက်နေအမျိုးသမီးများ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး ရည်ရွယ်၍ အခြေခံဝါးလက်မှုပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ဥတ္တရသီရိမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစမ်းစမ်းအေးက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)ဥက္ကဋ္ဌ ဒေါ်သူဇာဝေက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ကျေးလက်နေအမျိုးသမီးများ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းဖြင့် မိသားစုဝင်ငွေ အထောက်အပံ့ ရရှိစေရန်အတွက် သင်တန်းကာလအတွင်း ခဲတံ၊ ဘောပင် ထည့်ခွက် ပြုလုပ်နည်းကို ပထမဆုံး သင်ကြားပေးခဲ့ပြီး အပူခံပြား၊ ယက်ထည်ကော်ဗန်းအဝိုင်း၊ တစ်ရှူးဘောက်၊ ဓါတ်ပုံဘောင် ပြုလုပ်နည်းများကို စာတွေ့၊ လက်တွေ့ တစ်ပတ်ကြာ သင်ကြားပို့ချပေးခဲ့ပြီး မိမိတို့ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလို ဒေသထွက်ကုန်ဝါးများဖြင့် လူသုံးကုန်ပစ္စည်းများ တစ်နိုင်တစ်ပိုင် ထုတ်လုပ်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)ဥက္ကဋ္ဌ ဒေါ်သူဇာဝေက အခြေခံဝါးလက်မှု ပညာသင်ကြားပေးသည့် သင်တန်းဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ် ချီးမြှင့်ခဲ့ပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အခြေခံဝါးလက်မှုပညာ ရက်တိုသင်တန်း တက်ရောက် အောင်မြင်ခဲ့သည့်  သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ထုတ်ကုန်အသုံးပြုရန် လိုအပ်သည့်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက သင်တန်းသူများ ပြုလုပ်ထားသည့် အခြေခံလူသုံးကုန် ဝါးလက်မှုပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)