ရန်ကုန် စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ စက်ရုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ထားမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက လိုက်လံ စစ်ဆေးခဲ့သည်။
လိုက်လံစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး ဒေါက်တာ နော်သန္တာဆွေ၏ လမ်းညွှန်မှုဖြင့် ဒုတိယကျန်းမာရေးမှူး ဒေါက်တာ မိုးမိုးမြင့်၊ သားဖွား ဆရာမ ဒေါ်စန်းသီတာနိုင်နှင့်ဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စက်မှုဇုန် တာဝန် ရှိသူများက အင်းစိန်မြို့နယ်အတွင်းရှိ စက်ရုံများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များနှင့် အညီ လိုက်နာမှု ရှိ/မရှိကို လိုက်လံစစ်ဆေးခဲ့ပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်သည် များကို အကြံပြု ဆွေးနွေးပြောကြားခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)