ကွတ်ခိုင် နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကွတ်ခိုင်မြို့မရဲစခန်း၏ မြောက်ဘက်(၂)မိုင်(၁)ဖာလုံခန့်၊ ရပ်ကွက်(၁)၊ ခန့်မှန်းမြေပုံညွှန်း(LF-890972)၊ ကွတ်ခိုင်-မူဆယ်သွား ပြည်ထောင်စု လမ်းမကြီး ဘယ်ဘက် (၂)ဖာလုံခန့်အကွာအမှိုက် စွန့်ပစ်သည့် နေရာဟောင်းတွင် ဖမ်းဆီးရမိတဲ့ သက်သေခံ ဓါတုပစ္စည်းများ ဖျက်ဆီးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ကွတ်ခိုင်ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးမောင်မောင်နှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် အဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့(ကွတ်ခိုင်)မှ ခေတ္တခရိုင်ရဲမှူး ရဲမှူး တင်နိုင်မိုးနှင့် ဘုတ်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားတွင် ကွတ်ခိုင်ခရိုင်ရဲတပ်ဖွဲ့၊ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်နိုင်မိုး မှဖျက်ဆီးမည့် ဓါတုပစ္စည်းများဖြစ်သည့် ကွတ်ခိုင်မြို့မရဲစခန်းမှ Sulfurous Dichloride ၆၇၉၈.၈၁ လီတာ၊တန်ဖိုး ၁၆၉၉၇၀၂၅၀ကျပ်၊ Dimethyl Sulfate ၄၁၉၉.၂၆၅ လီတာ၊ တန်ဖိုး ၆၂၉၈၉၇၅ ကျပ်၊ တာမိုးညိုနယ်မြေရဲစခန်းမှ Ethnol ၁၉၁.၉၆၅လီတာ၊ တန်ဖိုး၅၇၅၈၉၅ ကျပ်၊ ၃၈၃.၉၆၅လီတာ၊ တန်ဖိုး၁၁၅၁၈၉၅ ကျပ်နှင့် နမ့်ဖတ်ကာ ရဲကင်းစခန်းမှ Dimethyl Sulfate ၉၄၉၉လီတာ၊ တန်ဖိုး ၁၄၂၄၈၅၀၀၀ကျပ်၊ စုစုပေါင်းတန်ဘိုး ၃၇၇၁၇၂၀၁၅ ကျပ်စသည့် ဓါတုပစ္စည်းများနှင့် ယင်းဓါတုပစ္စည်းများသည် မူးယစ်ဆေးဝါးများဖြစ်သော မယ်သာဖက်တမင်း ခေါ်သည့်စိတ်ကြွရူးသွပ်ဆေးပြား အိုက်စ်၊ K နှင့် ခေါင်းခါဆေး အက်တက်စီ၊ ဘိန်းဖြူများကို ထုတ်လုပ်ရာတွင် အဓိကဓါတ်ပြုပေါင်းစပ် ပါဝင်သော ဓါတုပစ္စည်းများ ဖြစ်ကြောင်း ပြောကြားသွားပါသည်။
ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်နှင့် အခမ်းအနားသို့ တက်ရောက် လာကြသော သက်ဆိုင်ရာ တာဝန်ရှိသူများက ဖျက်ဆီးမည့် သက်သေခံဓါတုပစ္စည်းများအား စစ်ဆေးကြည့်ရှုခြင်းနှင့် ဖျက်စီးခြင်းတို့ကို ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)