အမ်း နိုဝင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် LWF လူသရမ် ဝေါလ်ဖက်ဒရေးရှင်း (မြန်မာ) တို့ပူးပေါင်း၍ (၃၃) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်လက်မှတ်ရေးထိုးမှု နှစ်ပတ်လည်နေ့ အခမ်းအနားကို အမ်းမူလတန်းကြိုကျောင်း၌ ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး LWF လူသရမ်ဝေါလ်ဖက်ဒရေးရှင်း (မြန်မာ) မှ စီမံကိန်းအရာရှိ ဦးစည်သူက လူသရမ်ဝေါလ်ဖက်ဒရေးရှင်း (မြန်မာ) အဖွဲ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အခမ်းအနားပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ အမ်းမူလတန်းကြိုကျောင်း၊ အမှတ်(၄)မိခင်ဝိုင်း၊ လေယာဉ်ကွင်းရပ်ကွက် မိခင်ဝိုင်း၊ မြောက်ပိုင်းရပ်ကွက် မိခင်ဝိုင်း၊ အောက်ရွာကျေးရွာ မိခင်ဝိုင်း၊ ဂါယ်လောင်ကျေးရွာ မိခင်ဝိုင်းများမှ သားငယ်သမီးငယ်လေးများက သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ကပြ ဖျော်ဖြေကြသည့် သားငယ်သမီးငယ်လေးများအား မြို့နယ်အမျိုးသမီးရေးရာအသင်းနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက လူသရမ်ဝေါလ်ဖက်ဒရေးရှင်း (မြန်မာ) မှ ထောက်ပံ့သည့်အင်္ကျီများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် အမ်းမူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများ ဉာဏစွမ်းရည်၊ ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ကဗျာရွတ်၊ အာလူးကောက်၊ ခေါင်းအုံးရိုက်၊ ရေချိန်၊ ကြိုးသီ၊ မုန့်စား၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဉာဏ်စမ်းသင်္ချာ၊ အရောင်စီ၊ ကြယ်သီးတပ်ပြိုင်ပွဲများ ကျင်းပပေးခဲ့ကြောင်း သိရှိရသည်။
စိုးမင်းထွန်း