ကျိုက်ထို နိုဝင်ဘာ ၂၉
ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ဌာနဆိုင်ရာများပူးပေါင်၍ ၂၀၂၂-၂၀၂၃ ခုပညာသင်နှစ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းငွေရတုခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ(မြို့နယ်အုပ်ချုပ်ရေးမှူး)ဦးမျိုးမင်းစိုးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကျောင်းကျန်းမာရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်သစ်တောဦးစီးအရာရှိဦးစိုးဝင်းမှ သစ်ပင်ပျိုးထောင်စိုက်ပျိုးထိန်းသိမ်းခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးဝင်းဗိုလ်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်ရွက်သစ်ဆွေးမြေဩဇာပြုလုပ်နည်းအကြောင်းကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးကိုကိုနိုင် မှ အမှိုက်စီမံခန့်ခွဲမှုနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်မှုဆိုင်ရာအကြောင်းကိုလည်းကောင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ကျော်မင်းမှ အစားအသောက်တွင်ပါဝင်သည့် ဓာတုဆိုးဆေးများ၏အန္တရာယ်အကြောင်းကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအဆင့်(၁)ဦးထွန်းညီညီမှ ကျောင်းကျန်းမာရေးဆိုင်ရာအချက်အလက်များကိုလည်းကောင်း အသီးသီးပြောကြားရာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်သီသီဝင်းမှကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ သစ်တောဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများဖတ်ရှုလေ့လာနိုင်ရန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလထုတ် သစ်တောကြေးမုံမဂ္ဂဇင်းစာအုပ်အားလှူဒါန်း၍ စိမ်းလန်းစိုပြည်သာယာဖို့သစ်ပင်ထိန်းသိမ်းစိုက်ပျိုးစို့ အသိပညာပေးလက်ကမ်းစာစောင် များကိုဖြန့်ဝေပေးပြီး သဘာဝပတ်ဝန်းကျင်ကျောင်းကျန်းမာရေးဆိုင်ရာအသိပညာပေးအနေဖြင့် သက်ဆိုင်ရာဌာနများက လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ပြန်/ဆက်)