မံစီမြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ် ပြိုင်ပွဲကျင်းပ

မံစီ နိုဝင်ဘာ ၂၉

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ် ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(မံစီ)၌ ကျင်းပလျက်ရှိရာ သင်္ချာနှင့် အထွေထွေဗဟုသုတ ဘာသာများကို ရေးဖြေဖြေဆိုခဲ့ကြောင်း သိရသည်။ 

အဆိုပါပြိုင်ပွဲကို      မြို့နယ်ပညာရေးမှူး   ဒေါ်တင်မာဆွေ၏   အနီးကပ်ကြီးကြပ်မှုဖြင့် နိုဝင်ဘာ ၂၈ ရက် နံနက် ၉ နာရီက စတင်ကျင်းပဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၃၀ ရက်နေ့အထိ (၃)ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  စာပေဘာသာရပ်များ  ထူးချွန်သည် သာမက ကိုယ်ကာယကျန်းမာ ကြံ့ခိုင်ပြီး အကျင့်စာရိတ္တ ကောင်းမွန်၍ အထွေထွေဗဟုသုတပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူလူငယ်များ ပေါ်ထွန်းလာစေရန်အတွက် လူရည်ချွန်ရွေးချယ်ပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာနှင့် အထွေထွေဗဟုသုတ ဘာသာများကို ရေးဖြေဖြေဆို၍လည်းကောင်း၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ထုံးတမ်းဓလေ့၊ အထွေထွေဗဟုသုတများကို လူတွေ့နုတ်ဖြေ ဖြေဆို၍လည်းကောင်း  ယှဉ်ပြိုင်ကျင်းပ သွားမည်ဖြစ်ပြီး ကိုယ်ကာယကြံ့ခိုင်မှုတွင် ဒိုက်ထိုး (ကျား၊ မ)၊ အိပ်ထမတင်(ကျား၊ မ)၊ ရပ်လျက်စုံခုန်(ကျား၊ မ)၊ မီတာ ၁၀၀ (ကျား၊မ) အပြေး၊ မီတာ ၄၀၀ (မ) အပြေး၊ မီတာ ၈၀၀ (ကျား)အပြေးတို့ကို ထည့်သွင်း ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲတွင်Grade-9၊ Grade-10၊ Grade-11 စသည့်အတန်း(Grade)များမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၆)ဦး ပါဝင်ဖြေဆို ယှဉ်ပြိုင်လျက်ရှိနေပြီး အတန်း(Grade)(၁)တန်းလျှင် ထူးချွန်ကျောင်းသား (၁)ဦးနှင့်  ထူးချွန်ကျောင်းသူ (၁)ဦးကို ရွေးချယ်ကာ  ခရိုင်အဆင့် ပြိုင်ပွဲတွင် ဝင်ရောက်ဖြေဆို ယှဉ်ပြိုင်ရန်အတွက် ဆက်လက်ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)