ဒလ နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းကုမုဒြာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင်က လူကုန်ကူးခြင်းကင်းဝေးဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းစို့ ခေါင်းစဉ်ဖြင့့် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုခံခြင်နှင့်ပက်သက်၍ သိသင့်သိထိုက်သည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှုး ဦးအိတ်စ်ကံထူးက ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ်ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ်၊ ရေဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်၊ မိုးကြိုးဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်စသော ဘေးအန္တရာယ်များကျရောက်လာပါက ရှောင်ကျဉ်ရမည့်အချက်များ၊ သိသင့်သိထိုက်သည့်အချက်များကို ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဆွေဆွေဦးက. ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်းရေးခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများကို ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများ၊ မူဝါဒများဥပဒေ၊ နည်းဥပဒေများအကြောင်းကို သိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြသည်။ ထို့နောက်ဟောပြောပွဲသို့ ဖိတ်ကြားထားသူများ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူအင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သီတာဝင်း (ပြန်ဆက်)