သံတွဲ နိုဝင်ဘာ ၂၉
ရန်ကုန်မြို့မှ ပါမောက္ခဌာနမှူး (ငြိမ်း) သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာစောကလယ်ခူ ဦးဆောင်သည့်အထူးကု ဆရာဝန်ကြီးများအဖွဲ့သည် ယနေ့နံနက် ၈ နာရီခန့်က လေကြောင်းခရီးဖြင့် သံတွဲမြို့သို့ရောက်ရှိပြီး ခရိုင်ကုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံကြီး၌ သားဖွားမီးယပ်နှင့် ပတ်သက်သောလူနာများအား အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ အဖွဲ့တွင် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး (၂) ဦး၊ မေ့ဆေးအထူးကုဆရာဝန်ကြီး (၁) ဦး ပါရှိပြီး သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်တို့မှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက် ဆရာဝန်များနှင့် ပူးပေါင်း၍ သံတွဲဆေးရုံမှ သားဖွားမီးယပ်နှင့်ပတ်သက်သော ရောဂါခံစားနေရပြီး ဆေးကုသမှုစရိတ် မတတ်နိုင်သဖြင့် ရန်ကုန်မြို့သို့ခွဲစိတ်ကုသရန်မသွားရောက်နိုင်သည့် သားဖွား မီးယပ်လူနာ (၁၆) ဦးတို့အား အခမဲ့ခွဲစိတ်ကုမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးအဖွဲ့သည် နိုဝင်ဘာ ၃၀ ရက်နေ့တွင် တောင်ကုတ် မြို့သို့ သွားရောက်ဆေးကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နှစ်စဉ်လာရောက် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယခုအကြိမ်သည် တတိယအကြိမ်မြောက် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း ခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်းထံမှ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)