လှည်းကူး နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၂)နှစ်နှင့်အထက် ကိုရင်သာမဏေများအား လှည်းကူးမြို့နယ်၊ ချမ်းမြေ့ဇေယျာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ ထိုးနှံခြင်းမရှိသေးသည့် အသက်(၁၂)နှစ်နှင့်အထက် ကိုရင်သာမဏေ(၁၁၂)ပါးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Myancopharm ထိုးနှံပေးလျက်ရှိသည်။ လှည်းကူးမြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသောပြည်သူများအား လိုအပ်သည်များကိုကူညီဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသောကျေးရွာများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး ဆက်လက်ထိုးနှံပေးသွာမည်ဖြစ်ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)