ကျောက်ဖြူမြို့၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုချီးမြှင့်နိုင်ရေးဆုလျှောက်ထားလာသည့် ကျောင်းများအား ကွင်းဆင်းစစ်ဆေး

ကျောက်ဖြူ   နိုဝင်ဘာ ၂၉

၂၀၂၃ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုချီး မြှင့်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ဆုရွေးချယ်ရေးကော်မတီအဖွဲ့မှ ခရိုင်အတွင်းရှိ မြို့နယ်များ မှ ပေးပို့ဆုလျှောက်ထားလာသည့်ကျောင်းများအား သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီမှု ရှိ/မရှိ ကွင်း ဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာမြင့်၊ ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်ပညာရေးမှူး ဒေါ်ညွန့်ညွန့်အေး၊    အတွင်းရေးမှူးဖြစ်သည့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလွှမ်းမိုးထက်နှင့် ကော်မတီဝင်များက ဆုရွေးချယ်နိုင်ရေးအတွက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမက အောင်မြေသာကျောင်းများသို့ သွားရောက်ပြီး ၎င်းကျောင်းများ၌ မိဘ၊ ဆရာ၊ ကျောင်းသားများနှင့် ရပ်ရွာဥက္ကဋ္ဌ၊ ရပ်ရွာလူထုများပါဝင်သည့် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကော်မတီ (G&C School Committee) ဖွဲ့စည်းထားခြင်း ရှိ/မရှိ၊ ‌ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး အတွက် သတ်မှတ်ထားသော အခြေခံစံနှုန်း (၄) ချက်အား ကျောင်း၏အခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့် လုပ်ငန်းအစီအစဉ်များ (Action Plan) နှစ်အလိုက်ရေးဆွဲချမှတ်ထားခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ရေးဆွဲထားသော ပတ်ဝန်းကျင်ထိန်းသိမ်းမှု ဆိုင်ရာ လိုက်နာရမည့် ဆောင်ပုဒ်၊ ပန်းချီ၊ ကဗျာနှင့် ကာတွန်းတို့ကို ရေးဆွဲကာ အခန်းလိုက်၊ အတန်းလိုက်/ကျောင်းအလိုက် (Notice Board) ဖြင့် ပြသထားခြင်း ရှိ/မရှိ၊  ဆရာ/ဆရာမများက အခြေခံပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်နှင့် နှီးနွယ်သည့် အသိပညာပေးစာအုပ်များကို အသုံးပြု၍ ပတ်ဝန်းကျင်ထိန်းသိမ်းမှုသဘောတရားများ မျှဝေပေးခြင်း ရှိ/မရှိ၊  ကျောင်းသား၊ ကျောင်းသူများမှ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ လက်တွေ့လုပ်ငန်းများကို နေ့စဉ်(သို့) အပတ်စဉ်(သို့) လစဉ် အတန်းလိုက်လုပ်ဆောင်ခြင်း ရှိ/မရှိ၊ အစရှိ သည့် သတ်မှတ်ထားသည့် အခြေခံစံနှုန်း(၄)ချက်နှင့် အညွှန်းကိန်း(၁၇)ချက်နှင့်အညီ ကိုက်ညီမှု ရှိ/မရှိ တို့အား ကွင်းဆင်းအကဲဖြတ်စစ်ဆေးခဲ့ကြရာ သက်ဆိုင်ရာကျောင်းအုပ်ကြီးများမှ မိမိတို့ကျောင်းများတွင် ဆောင်ရွက်ထားရှိမှုများအား ပြန်လည် ရှင်းလင်းပြောကြားသည်။

ယင်းသို့ ကွင်းဆင်းအကဲဖြတ် စစ်ဆေးခဲ့သည့် ရလဒ်များအပေါ်မူတည်၍ အထက်တန်းအဆင့် ကျောင်းတစ်ကျောင်းနှင့် မူလတန်းအဆင့်ကျောင်းတစ်ကျောင်းအား ဆုစိစစ်ရွေးချယ်ရေးအဖွဲ့မှဆု ရွေးချယ်ကာ ဆုရကျောင်းများကို ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များက ကျင်းပပြုလုပ်မြဲဖြစ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် Clean and Green Schools Award ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း