လွိုင်လင်မြို့၊ စက်မှုလက်မှုအထက်တန်းကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ

လွိုင်လင် နိုဝင်ဘာ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ စက်မှုလက်မှုအထက်တန်းကျောင်းတွင် ယနေ့နံနက်  ၉ နာရီ ၃၀ မိနစ် အချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီးနောက် ဒုတိယရဲမှူး တင်မောင်မြင့်မှ လူကုန်ကူးမှုနှင့်လူမှောင်ခိုအကြောင်းအရာများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမော်မှ ကျားမရေးရာအခြေပြု အကြမ်းဖက်မှုအကြောင်းအရာများကိုလည်းကောင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်လေးဖြူမှ ကလေးလုပ်သားများအကြောင်းနှင့် ပြည်ပမှတ်ပုံတင်ပြုလုပ်သည့် လုပ်ငန်းစဉ်အကြောင်းအရာများအကြောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက လူငယ်နှင့်စာပေလေ့လာမှုအကြောင်းအရာများတို့ကို ဟောပြောခဲ့ကြသည်။

အခမ်းအနားသို့ အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်း​ရေးရဲတပ်ဖွဲ့စိတ် (လွိုင်လင်)မှ ဒုတိယရဲမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ ကြသည်။

ယင်းနောက် တက်ရောက်လာကြသူများအား သက်ဆိုင်ရာဌာနများမှ အသိပညာပေး လက်ကမ်းစာစောင်များအား  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အယ်မင်း (လွိုင်လင်)