မိုင်းဆတ်မြို့၌ အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ စစ်ဆေးခြင်း ဆောင်ရွက်

မိုင်းဆတ် နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အခြေခံပညာဦးစီးဌာန၏ စီမံမှုဖြင့် အခြေခံပညာ ကျောင်းပေါင်းစုံ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ အ.ထ.က(မိုင်းဆတ်) မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူရည်ချွန်စာမေးပွဲစစ်ဆေးရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ စဉ်းစားတွေးခေါ်မှု မြင့်မား လာစေရန်၊ ထူးချွန်ထက်မြက်လာစေရန်၊ ဘက်စုံပညာထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲအား Grade-9 မှ ကျောင်းသား(၆)ဦး၊ ကျောင်းသူ(၆)ဦး၊ Grade-10 မှ ကျောင်းသား(၂)ဦး၊ ကျောင်းသူ(၂)ဦး၊ Grade-11 မှ ကျောင်းသား(၂)ဦး၊ ကျောင်းသူ(၂)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်စာကိုလည်းကောင်း၊ နိုဝင်ဘာလ(၂၉)ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် နှုတ်ဖြေဆိုမှုကိုလည်းကောင်း၊ လူရည်ချွန်စာမေးပွဲဖြေဆိုကြသည့် ကျောင်း သား၊ ကျောင်းသူအားလုံးကို နိုဝင်ဘာလ(၃၀)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုကိုလည်းကောင်း စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း အ.ထ.က (မိုင်းဆတ်) ကျောင်းအုပ်ဆရာကြီးဦးဇော်လှိုင်ထွန်းထံမှ သိရသည်။

မြင့်မောင်(ပြန်/ဆက်)