မိတ္ထီလာ နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အောင်ဇေယျာရပ်ကွက် စက်သုံးဆီလမ်းထိပ်မှ ဘူတာဟောင်းလမ်းဆုံအထိ ထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းတိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသော လမ်းမျာအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၈.၇၄၅ သန်းဖြင့် အရှည်ပေ ၆၈၀၊ အကျယ် ၁၂ ပေ ၊ထု ၃လက်မရှိ အောင်ဇေယျာရပ်ကွက် စက်သုံးဆီလမ်းထိပ်မှ ဘူတာဟောင်းလမ်းဆုံအထိ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းနှင့် အဆိုပါလမ်း ဘေးဝဲယာကို တစ်ဖက် ၂ ပေ တိုးချဲ့ခြင်းလုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် SAFE WAY CONSTRUCTION CO;LTD က တာဝန်ယူ၍ နိုဝင်ဘာလ ၂၅ ရက်နေ့မှ စတင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း တင်ဒါအောင်မြင် သည့်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသော ပြည်သာယာမြောက် မြင်းခြံလမ်းမကြီး၊ ကျီးတော်ကုန်းရပ်ကွက် မိုးကုတ်ဝိပဿနာကျောင်းလမ်း၊ မဟာစည်တိုးချဲ့ရပ်ကွက် ဗိုလ်အောင်ကျော်လမ်းတို့အား ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် အောင်ဇေယျာရပ်ကွက် စက်သုံးဆီလမ်းထိပ်မှ ဘူတာဟောင်းလမ်းဆုံ၊ ရတနာမာရ်အောင်ရပ်ကွက် ခိုင်ရွှေဝါလမ်း၊ သီရိမင်္ဂလာရပ်ကွက် ရွှေဝတ်မှုံလမ်းတို့အား ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ပေါက်ချောင်းရပ်ကွက်ဘောလုံးကွင်းလမ်း၊ နန်းတော်ကုန်းရပ်ကွက် သုခထီလာလမ်းသွယ်(၅)၊ စျေးအရှေ့ပြင်ရပ်ကွက် ဘကြီးဆန်းပွဲရုံရှေ့လမ်း၊ ဝန်ဇင်းရပ်ကွက် ဒက္ခိဏလမ်း၊ ရန်မျိုးအောင်ရပ်ကွက် ဒုတိယလမ်းမတော်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)