မိုင်းခုတ်မြို့၌ သီးမွှေးငှက်ပျောများ ဈေးကောင်းရ၍ စီးပွားဖြစ်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မိုင်းခုတ် နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိပြီး သီးမွှေးငှက်ပျောများ စိုက်ပျိုးရောင်းချခြင်းဖြင့် အခြားသီးနှံများထက် အမြတ်ငွေပိုမိုရရှိသဖြင့် ဝမ်ဝိန်းကျေးရွာရှိ တောင်သူ ဦးကျော်ဦး၏ စိုက်ပျိုးရေးခြံ၌ သီးမွှေးငှက်ပျောပင်များ စီးပွားဖြစ်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

တောင်သူ ဦးကျော်ဦး၏ စိုက်ပျိုးရေးခြံ၌ ပန်းပင်များနှင့် ဟင်းသီးဟင်းရွက်ပင်များကို ရာသီအလိုက် စိုက်ပျိုးရောင်းချပြီး နှစ်ရှည်သီးနှံများဖြစ်သည့် သင်္ဘောသီး၊ ကီလိုမာလကာသီး၊ နာနတ်သီးနှင့် ငှက်ပျောပင်များကို စိုက်ပျိုးရောင်းချရာမှ  ယခုအခါ သီးမွှေးငှက်ပျောများ လူကြိုက်များ၍ ဈေးကောင်းရသဖြင့် စီးပွားဖြစ် စိုက်ပျိုးထားကြောင်း၊ ငှက်ပျောပင်များသည် စိုက်ပျိုးစရိတ် အလွန် သက်သာကြောင်း၊ မြေဩဇာအဖြစ် နွားချေးနှင့် မြေဆွေးကို အသုံးပြုကြောင်း၊ မိမိခြံအနေအထား ပေါ်မူတည်၍ တစ်ပင်နှင့် တစ်ပင် ၈ ပေ(သို့) ၁၀ ပေထား၍ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး ၁၀ လ(သို့)၁ နှစ်ခန့်တွင် စတင်အသီးသီးကြောင်း၊  ၎င်း၏ခြံဝင်း အတွင်း ငှက်ပျောရုံ ၂၀ ခန့် စိုက်ပျိုးထားကြောင်း၊ ငှက်ပျောပင်များသည် စိုစွတ်သောမြေကို ကြိုက်သော်လည်း ရေဝပ်မြေကို မနှစ်သက်ကြောင်း ၎င်းကပြောသည်။    

ငှက်ပျောသီး ထွက်ရှိမှုအနေဖြင့် ငှက်ပျောတစ်ခိုင်လျှင် ၁၂ ဖီး(သို့) ၁၄ ဖီးခန့်ရရှိပြီး တစ်ဖီးလျှင် အလုံး ၂၂ လုံးခန့်ပါရှိကြောင်း၊ လက်ရှိတွင် တစ်ဖီးလျှင် ငွေကျပ် ၁၅၀၀ ဈေးနှုန်းဖြင့် ရောင်းချရကြောင်း၊ အခိုင်လိုက် ရောင်းပါက ငှက်ပျောသီးအရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းအစားစားရှိကြောင်း၊ စားသုံးသူ များကြိုက်နှစ်သက်သည့်အတွက် တောင်သူများအနေဖြင့် ပိုမိုစိုက်ပျိုး လာကြောင်းနှင့်နီးစပ်ရာ မိုင်းဆတ်မြို့ နှင့်ကျိုင်းတုံမြို့သို့လည်း တင်ပို့ရောင်းချရကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)