ဝိုင်းမော်မြို့နယ်၌ ဆီထွက်သီးနှံနေကြာနှင့် ရာသီသီးနှံစိုက်ခင်းများအား ကြည့်ရှုစစ်ဆေး၊ မျိုးစေ့များ ထောက်ပံ့ပေးအပ်

ဝိုင်းမော် နိုဝင်ဘာ ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သင်းအောင်၊ ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်မျိုးဝင်းနှင့် တာဝန်ရှိသူများက နိုဝင်ဘာ ၂၇ ရက်က ဝိုင်းမော်မြို့နယ်အတွင်း ဆီထွက်သီးနှံ နေကြာစိုက်ပျိုးထားရှိမှု အခြေအနေနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ ဒေသခံ တောင်သူများအား မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ရှေးဦးစွာ မြစ်ကြီးနားခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်မျိုးဝင်းနှင့် တာဝန်ရှိသူများက နံနက် ၁၀ နာရီတွင် ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာအုပ်စု အာလူးဘာရီကျေးရွာရှိ တောင်သူ ဦးအောင်ထွန်းပိုင်ဆိုင်သည့် OSS/141 တွင် “ဆင်းရွှေကြာ-၂” ဆီထွက်နေကြာသီးနှံစိုက်ခင်း (၁၀)ဧကသို့ ရောက်ရှိပြီး ဆီထွက်နေကြာသီးနှံစိုက်ခင်းအား ကွင်းဆင်းကြည့်ရှုကာ ဝိုင်းမော်မြို့နယ် ရပ်ကွက် (၁) ရှိ တောင်သူ ဦးကျော်ဦးပိုင်ဆိုင်သည့် ကွင်းအမှတ် (၂၂) ရှိ ရာသီသီးနှံစိုက်ခင်းသို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။

ထို့သို့ သီးနှံစိုက်ခင်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးမှ ဓာတုဆေးဝါးများ သုံးစွဲမှုမပြုခြင်းဖြင့် ကုန်ကျစားရိတ် သက်သာစေခြင်း၊ စားသုံးသူ ဘေးအန္တရာယ်ကင်းဝေးစေခြင်း အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ နည်းစနစ်များဖြင့် လက်တွေ့ မြေပြင်တွင် တွေ့ကြုံရသည့် အတွေ့အကြုံများပေါင်းစပ်ကာ စိုက်ပျိုးရေး တောင်သူများ ဘဝမြင့်မားအောင် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားပြီး တောင်သူများအား ရာသီသီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဖြူစင်(ပြန်/ဆက်)