တပ်ကုန်းမြို့နယ်တွင် မေမြို့ပန်းစိုက်တောင်သူများ ထယ်ရေး၊ ထွန်ရေး ပြုပြင်ဆောင်ရွက်

 

တပ်ကုန်း နိုဝင်ဘာ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီအတွင်း မိုးအစိုဓာတ်၊ မြေအောက်ရေများ အသုံးပြုပြီး၊ ဆောင်းသီးနှံပန်းများ စိုက်ပျိုးရန်အတွက် ပန်းစိုက်တောင်သူတစ်ချို့ မေမြို့ပန်းစိုက်ပျိုးရန် ထယ်ရေး၊ ထွန်ရေးပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ မေမြို့ပန်း (၀၀ ဒသမ ၄၀)ဧက စိုက်ပျိုးမှာဖြစ်တယ်၊ မြေအစိုဓာတ်ရရှိအောင် နွားရှဉ်းထယ်ထွန်များနဲ့ ထယ်ရေး၊ ထွန်ရေးသုံးစပ်လောက် မြေပြုပြင် ပါတယ်၊ စိုက်ပျိုးမှုစနစ်ကတော့ ရေလောင်းဖိုးသင့်တော်တဲ့ ကျင်းဘောင်ကို ၅ပေ၊ ၄ပေခန့် ပြု လုပ်တယ်၊ ပန်းမျိုးစေ့များကို တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးမှာဖြစ်ပါတယ်၊ မေမြို့ပန်းမျိုးစိတ်တွေကတော့ တောင်ကြီးနီ၊ အက်စတာ၊ ရွှေတောင်၊ ချစ်စမ်းမောင်၊ ခရမ်းနှင့်ဖော်ကာပန်းမျိုးစိတ်တွေ ဆိုပြီးရှိပါတယ်၊ အခုစိုက်ပျိုးမှာကတော့ တောင်ကြီးနီမေမြို့ပန်း မျိုးစိတ်ဖြစ်ပါတယ်၊ နွားထယ် တစ်ရှဉ်းကို တစ်သောင်းနှုန်း၊ ပန်းမျိုးစေ့ချ လုပ်အားခတစ်ဦးကို ၂၅၀၀နှုန်း၊ ပန်းမျိုးစေ့ တစ်ပုလင်းကို ၁၅၀၀၀ ကျပ်ပေးရတယ်၊ စိုက်ပျိုးစရိတ်ကုန်ကျငွေကတော့ များပါတယ်၊ (၀၀ ဒသမ ၄၀)ဧကကို ပန်းမျိုးစေ့ပုလင်း (၇)ပုလင်း စိုက်ပျိုးမှာဖြစ်တယ်၊ မေမြို့ပန်းပေါ်ချိန်မှာ ပန်းဈေး ကောင်းဖို့ မျှော်လင့်ပါတယ် ” ဟု မေမြို့ပန်းစိုက်တောင်သူ ဦးမျိုးသူ၏ ပြောပြချက်အရ သိရပြီး၊ တပ်ကုန်းမြို့နယ်တွင် ပန်းမျိုးစုံ(၂၁)ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်