နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်ကောင်စီနယ်မြေ သန့်ရှင်းသာယာလှပရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၈

နေပြည်တော်ကောင်စီနယ်မြေ သန့်ရှင်းသာယာလှပရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နေပြည်တော်ကောင်စီနယ်မြေ သန့်ရှင်းသာယာလှပရေးအတွက် နိုင်ငံတော်အစိုးရက ချမှတ်ထားသည့် လမ်းညွှန်မှာကြားချက်များ အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိမြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျူးကျော်အိမ်ယာများ မရှိစေရေး၊ လယ်ယာမြေများပေါ်တွင် အခြားနည်းသုံးစွဲ၍ လုပ်ငန်းများ ဆောင်ရွက်ခွင့် မပြုစေရေး၊ ဝန်ထမ်းအိမ်ရာများနှင့် နေအိမ်များအတွင်း အမှိုက်များမရှိစေရေး၊ မြို့တော်အင်္ဂါရပ်နှင့်အညီ ကောင်းမွန်အောင် အလေးထားဆောင်ရွက်နိုင်စေရေး၊ လမ်းတံတားများ ပျက်စီးမှုရှိပါက အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များကို တက်ရောက် လာကြသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊  ဒုတိယမြို့တော်ဝန်နှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများက နေပြည်တော်ကောင်စီနယ်မြေ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က လိုအပ်သည်များကို ဖြည့်စွက်၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)