ကျောက်ဆည် နိုဝင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ယာမြေများတွင် အာဆီယံသပြေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသူများ နေ့စဉ်ချိုးယူရောင်းချရသဖြင့် မိသားစုတစ်ဖက်တစ်လမ်း ဝင်ငွေရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန်၊ ပေါများမှုကြောင့် တောင်သူများစုသည် ဆန်စပါးကို အဓိကထား စိုက်ပျိုးကြပြီး ယာမြေများနှင့် ကိုင်းကျွန်းမြေများတွင် ဟင်းသီဟင်းရွက်မျိုးစုံ၊ သီးပင်စားပင်မျိုးစုံနှင့် ပန်းမျိုးစုံစိုက်ပျိုးကြရာ အာဆီယံသပြေစိုက်ပျိုးသူများအနေဖြင့် ရောင်းချရာတွင် ဈေးနှုန်းသင့်တင့်ခြင်း၊ တာရှည်ခံခြင်းနှင့် အောင်အတိတ် အောင်နိမိတ်ပန်းဖြစ်ခြင်းတို့ကြောင့် နေ့စဉ်ရောင်းချရကြောင်းနှင့် စိုက်ပျိုးရာတွင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ခြင်း၊ သွင်းအားစုနည်းပြီး ကုကျစရိတ်သက်သာခြင်း၊ နှစ်ရှည်အပင် ဖြစ်ခြင်းတို့ကြောင့် စိုက်ပျိုးသူများအနေဖြင့် အဆင်ပြေ လျက်ရှိကြောင်း အာဆီယံသပြေစိုက်ပျိုးသူ ဒေါ်မာလာကပြောပြသည်။
ကျောက်ဆည်မြို့နယ် အနေဖြင့် ပန်းစိုက်ပျိုးခြင်းကို ပင်တလည်၊ ထားဝယ်၊ ပြည်ပန်းကျေးရွာများတွင် အများအပြား စိုက်ပျိုးကြပြီး ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်ကမ်းဘေးရှိ မြေနုကျွန်းများနှင့် ယာမြေအချို့တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းများ စိုက်ပျိုးကြကြောင်း သိရသည်။
သက်မောင်(ခရိုင် ပြန်/ဆက်)