မိတ္ထီလာခရိုင်တွင် ချည်မျှင်ရှည်ဝါစိုက်ပျိုးသူများ ဝါခူးဆွတ်ချိန် စျေးကောင်းရရှိ၍ ဝါစိုက်တောင်သူများ အဆင်ပြေ

မိတ္ထီလာ နိုဝင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ချည်မျှင်ရှည်ဝါစိုက်ပျိုးသူများ ဝါခူးဆွတ်ချိန် စျေးကောင်းရရှိ၍ ချည်မျှင်ရှည်ဝါစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ ဝါမျိုးစုံစိုက်ဧက ၄၂၇၂၁ ဧက စိုက်ပျိုးထားရှိရာ  ဝါစိုက်ပျိုးထားရှိသည့် တောင်သူများ  အကျိုးအမြတ်ရရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့  ဆောင်ရွက်လျက်ရှိရာတွင်  မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာလင်းနှင့် တာဝန်ရှိသူများက ခရိုင်အတွင်းရှိ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များနှင့်တွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ခဲ့သည့်အပြင် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း ဝါစိုက်ဧကများတွင် အပင်သက်တမ်းတစ်လျှောက် ကြီးထွားမှုအဆင့်အတိုင်း ပိုးမွှားကင်းစင်ရေးအတွက် ကင်းထောက်မှတ်တမ်း ကောက်ယူသည့် နည်းစနစ်ဖြင့် စိုက်ကွင်းအတွင်း ကွင်းဆင်းဆောင်ရွက်ပြီး လိုအပ်လာပါက အပင်သားခွဲခြင်းလုပ်ငန်း၊ ပိုးမွှားကင်းစင်အောင် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများနှင့် အပင်ကြီးထွားစေရန် သဘာဝမြေသြဇာများ ထည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တောင်သူများနှင့်အတူ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

“ယခုနှစ်တွင် ချည်မျှင်ရှည်ဝါစိုက်ဧက တစ်ဧကခွဲ စိုက်ပျိုးထားရှိထားပြီး ဝါများကို အောက်တိုဘာလမှ  စတင်၍ ၅ ရက် တစ်ကြိမ် ခူးဆွတ်ရပါတယ်၊ တစ်ဧကကို ဝါပိဿာ ၅၀၀-၇၀၀ ကြားထွက်ရှိပါတယ်၊ ရောင်းချရာတွင်လည်း  ဝါကုန်သည်များက ကျေးရွာအရောက် ဝယ်ယူကြပြီး ဝါစတင်ခူးဆွတ်ချိန်တွင် တစ်ပိဿာကို ငွေကျပ် ၂၀၀၀ မှ ၂၅၀၀ အထိ ရောင်းချရပြီး ယနေ့တွင် ဝါတစ်ပိဿာကို ငွေကျပ် ၂၉၀၀ နှုန်းဖြင့် ရောင်းချရ၍ ဝါစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း” မိတ္ထီလာမြို့နယ် အိုင်ကြီးလည်ကျေးရွာမှ ချည်မျှင်ရှည်ဝါစိုက် တောင်သူ ဦးဌေးဝင်းထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)