၂၀၂၂ ခုနှစ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

လောက်ကိုင် နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်‌‌ရေးအဖွဲ့နှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒေသအားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျင်းပသော ၂၀၂၂ ခုနှစ်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို  ယနေ့ နံနက်(၁၀)နာရီ အချိန်က လောက်ကိုင်မြို့၊ ဒေသ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဦးမိုးဇော်လတ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသ/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဒေသအားကစားနှင့် ကာယပညာ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးယောဟန်နှင့် ဝန်ထမ်းများ၊ ဒေသပိုက်ကျော်ခြင်း ဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ နည်းပြများ၊ အုပ်ချုပ်သူများနှင့် အသင်းသားများ၊ မြို့ပေါ်ရှိ ပိုက်ကျော်ခြင်းအားကစား ဝါသနာရှင် မိဘပြည်သူများ တက်ရောက်ခဲ့ကြပြီး ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပါစင်ကျော်အသင်းနှင့်  ရွှေညီအစ်ကိုအသင်းတို့ ယှဉ်ပြိုင်ကစား သည်များကို အားပေးကြည့်ရှုခဲ့ကြရာ ပါစင်ကျော်အသင်းမှ ရွှေညီအစ်ကိုအသင်းကို ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိ သွားကြောင်း သိရသည်။  

ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော Zin Ko Htet အသင်းအား ငွေသားဆု ကျပ်တစ်သိန်း၊ တတိယဆုရရှိသော လောက်ကိုင်မြို့နယ် အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များနှင့် ငွေသားဆု ကျပ်နှစ်သိန်း၊ ဒုတိယဆုရရှိသော ရွှေညီအစ်ကိုအသင်းအား တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်များနှင့် ငွေသားဆုကျပ်သုံးသိန်းကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဇော်လတ်နှင့် တာဝန်ရှိသူများမှလည်းကောင်း၊ ပထဆုရရှိသော ပါစင်ကျော်အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များ၊ ငွေသားဆု ကျပ်ငါးသိန်းနှင့် တံခွန်စိုက်ဆုဖလားကြီးအား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေက လည်းကောင်း၊ နောက်ထိန်းအကောင်းဆုံးဆု၊ ပင့်ထောင်အကောင်းဆုံးဆုနှင့် ရိုက်ခုတ်အကောင်းဆုံးဆုများကို တာဝန်ရှိသူများ မှလည်းကောင်း အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ၂၀၂၂ ခုနှစ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဒေသအတွင်းရှိ အားကစားဝါသနာရှင်များမှ ပြိုင်ပွဲဝင်အသင်း (၁၂)သင်းဖြင့် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမား အင်အား စုစုပေါင်း (၆၀)ဦးခန့် ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်းနှင့် ပြိုင်ပွဲကို နိုဝင်ဘာ ၂၄ ရက်မှ နိုဝင်ဘာ ၂၈ ရက်ထိ ကျင်းပပြုလုပ်ခဲ့ကြောင်း ဒေသအားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးယောဟန်ထံမှ သိရ သည်။   

လောက်ကိုင်(ပြန်/ဆက်)