မိတ္ထီလာဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာ ၄ ဦးအား ကျန်းမာရေးကောင်းမွန်ပြီး သတ်မှတ်ရက်ပြည့်၍ ဆေးရုံမှ ဆင်းခွင့်ပြုမည်

မိတ္ထီလာ စက်တင်ဘာ ၂၁


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၉ ရက်နေ့ ကထုတ်ပြန်သော ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့လူနာစာရင်းတွင် ပါဝင်သည့် မိတ္ထီလာဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့လူနာ ၄ ဦးအား ကျန်းမာရေးကောင်းမွန်ပြီး သတ်မှတ် ၁၄ ရက် ပြည့်၍  စက်တင်ဘာလ ၂၂ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
လူနာ ၄ ဦးစလုံးက လက်ရှိမှာ ထူးခြားတာလည်းမရှိဘူး။ ချောင်းဆိုးတာမျိုးလည်းမရှိဘူး။ ကျန်းမာရေးလည်း ကောင်းမွန်ပါတယ်။ သတ်မှတ်ထားတဲ့ကာလ ၁၄ ရက်လည်း ပြည့်မှာ ဖြစ်တာကြောင့် မနက်ဖြန်မှာ ၄ ဦးစလုံးကို ဆေးရုံက ဆင်းခွင့်ပြုမှာဖြစ်ပါတယ်။ သူတို့အားလုံး သူတို့ရဲ့နေအိမ်မှာ Home Quarantine ၇ ရက်ဆက်လက် နေထိုင်ရမှာဖြစ်ပါတယ်။၇ ရက်နေ့ပြီးရင်တော့ ကျန်းမာရေးပြန်စစ်ဆေးရမှာ ဖြစ်ပါတယ်ဟု မိတ္ထီလာဆေးရုံအုပ်ကြီး ဒေါက်တာညွန့်စိန်က ပြောသည်။
အဆိုပါ လူနာ ၄ ဦးမှာ အောင်ဇေယျာ အထက (ခွဲ) Quaratine Centre မှ အမျိုးသားတစ်ဦး (၃၃ နှစ်) ၊ အမျိုးသမီးတစ်ဦး(၃ဝ)နှစ်၊ ကလေး (မ) (၆) နှစ် တစ်ဦးနှင့် ရေဝေ(အထက) Quarantine Centre  မှ အမျိုးသားတစ်ဦး (၅၂ နှစ်) တစ်ဦးတို့ဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့ညပိုင်းတွင် မိတ္ထီလာဆေးရုံကြီး  အထူးရောဂါကုသဆောင်၌ စတင်တက်ရောက် ဆေးကုသမှု ခံယူခဲ့ခြင်းဖြစ်ပြီး ထူးခြားမှုမရှိခြင်း၊ ကျန်းမာရေး ကောင်းမွန်ခြင်း၊ သတ်မှတ်ရက် ပြည့်ခြင်းတို့ကြောင့် ဆေးရုံမှဆင်းခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။
ချမ်းသာ (ပြန်/ဆက်)