ဟိုပုံး နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စက်မှုဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦးဘုန်းတော် ကြီးသင်ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက နောင်တောင်း ပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းထိုင်ဆရာတော် ဥူးရာဇိန္ဒသီရိအား သွားရောက်ဖူးမြော်၍ အလှူငွေများဆက်ကပ်လှူဒါန်းသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ် ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့် အဖွင့်အမှာစကား ပြောကြားရာတွင် ကလေးသူငယ်များဟာ နိုင်ငံတော်အတွက် ကောင်းမွန်တဲ့ လူသားအရင်းအမြစ်တွေ ဖြစ်ပါကြောင်း၊ ကလေးသူငယ်တွေရဲ့ ကောင်းမွန်တဲ့ အနာဂတ်ကို ပုံဖော်တည်ဆောက်နိုင်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက် ပေးရမှာဖြစ်ပါကြောင်း၊ ကျောင်းပြင် ပရောက်ရှိနေတဲ့ ကလေးသူငယ်တွေကို သက်မွေးပညာရပ်တွေမှာ တတ်မြောက်အောင်မြင်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေရရှိကာ မိသားစုဝင်ငွေတိုးတက်စေဖို့ သက်မွေးသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ပါကြောင်း၊ ကလေးသူငယ်တွေရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုး တက်မှသာ နိုင်ငံတော်ရဲ့ အနာဂတ်ကို ကောင်းစွာ ဖန်တီးပေးနိုင်မှာ ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ကလေးသူငယ်တို့ရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုဟာ ဆက်စပ်နေပါကြောင်း၊ နိုင်ငံတကာမှာ ကလေးအလုပ်သမားတွေ ပေါများနေခြင်းဟာ ဆင်းရဲနွမ်းပါးမှု အခြေအနေများကြောင့်ဖြစ်ပါကြောင်း၊ မိမိတိုင်းပြည်မှာ ကလေးအလုပ်သမားလျော့နည်း ပပျောက်စေရေး၊ မိမိပြည်နယ်မှာ ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍမှ တာဝန်ရှိသူများက ကြိုးစားအားထုတ်နေကြသလို သင်တန်းသား၊ သင်တန်း သူများအနေနဲ့လည်း ကလေးအလုပ်သမားအဖြစ် ခိုင်းစေခြင်း မခံရစေရေး၊ အန္တရာယ်ရှိသော လုပ်ငန်းခွင်မှာ မလုပ်ကိုင်နိုင်စေရေးနဲ့ မိမိဘဝရပ်တည်နိုင်ရေးတို့အတွက် ယခုသင်ကြားပေးမဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်ကို ကြိုးစားအားထုတ်သင်ယူကြရန်၊ ဒီသင်တန်းမှ ရရှိတဲ့ ကျမ်းကျင်မှုအဆင့်နဲ့ တင်းတိမ်ရောင့်ရဲခြင်းမရှိဘဲ မိမိဘဝတိုးတက်ရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ အစဉ်အဆက်လေ့လာဆည်းပူး သင်ကြားသွားကြရန်မှာကြားခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးအောင်မြင့်က သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများအတွက် စားသောက်စရိတ် ထောက်ပံ့ပေးအပ်ခဲ့ပြီး ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက သင်တန်းဆရာမများထံ သင်တန်းသုံးအထောက် အကူပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းကို နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ယင်းနောက် ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သက်မွေးပညာသင်တန်း ဖွင့်လှစ်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)