သီပေါမြို့ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

သီပေါ နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ရပ်ကွက်ရှိ မြို့လယ်မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းတွင် သီပေါမြို့ ခန္တီရာမကျောင်းတိုက်မှ ဆရာတော်ဦးသောပါကနှင့် ရေတံခွန်တောင် ဆရာတော်တို့က သင်ကြားပြသပေးကာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဗုဒ္ဓတရား တော်ဆုံးမစာများ၊ ဘုရားစာ၊ ဘုရားရှိခိုးနည်းများကို နားလည်သိရှိ သဘောပေါက်စေရန်နှင့် လိမ္မာယဉ်ကျေး လာစေရန်ရည်ရွယ်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သင်ကြားပြသ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသို့ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၈၀)ဦးခန့် တက်ရောက်လျက်ရှိကြောင်း၊ သင်တန်းအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအကုန်ထိ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပိတ်ရက်မရှိ ဖွင့်လှစ်သင်ကြား ပေးရန်ရည်ရွယ်ထားခဲ့သော်လည်း ဒီဇင်ဘာလ (၅)ရက်နေ့မှ စတင်၍ မဟာသာသနာ့ဗိမာန်တော်ကြီးရှေ့ လမ်းတစ်လျှောက်တွင်ကတ္တရာ ကွန်ကရိလမ်း(AC)ခင်းခြင်း လုပ်ငန်း ဆောင်ရွက်မည် ဖြစ်သောကြောင့် လမ်းအဝင်၊ အထွက်၊ အသွားအလာအခက်အခဲရှိသောကြောင့် ယခု ၂၀၂၂ ခုနှစ် အတွက် သင်တန်းဖွင့်လှစ်ခြင်းသည့် ယခုအပတ် တနင်္ဂနွေသည် နောက်ဆုံးဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ပြန်လည်ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မြို့လယ် မဟာသာသနာ့ဗိမာန်တော် ဂေါပကအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)