ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် မဟာပဋ္ဌာန်းမြတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပုဗ္ဗသီရိ နိုဝင်ဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သတ္တသတ္တာဟ(ပွင့်စေတီ) ဓမ္မာရုံ၌ ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီမှကြီးမှူး၍ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရွှေလွှမ်းတောင်ကျောင်းပဓာနနာယက၊ ဘဒ္ဒန္တဥတ္တမနှင့် ပင့်သံဃာတော်များ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော် သာသနာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်း၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇေယျာမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကာ ရွှေလွှမ်းတောင်ကျောင်း ပဓာနနာယက၊ ဘဒ္ဒန္တဥတ္တမမထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆရာတော် သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုးနှင့် ပရိတ်ရေများ အသီးသီး ကပ်လှူပူဇော်ခဲ့ကြသည်။

ထို့နောက် ဆရာတော် သံဃာတော်များက ဦးဆောင်၍ ပရိသတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ပြီး "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကာ ဆရာ​တော် သံဃာတော်များအား​ နေ့ဆွမ်းဆပ်ကပ်ခဲ့ကြသည်။ အဆိုပါဒုတိယအကြိမ်​မြောက် အသံမစဲမဟာပဋ္ဌာန်း​မြတ် ရွတ်ဖတ်ပူဇော်ပွဲကို နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂ ရက်နေ့ထိ ၅ ရက်တိုင် အလှည့်ကျ သံဃာတော် ၂၄ ပါးဖြင့် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

သားငယ်(ပုဗ္ဗ)