သာစည် နိုဝင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရွေးချယ်ရေးစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းတို့ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စာမေးပွဲစစ်ဆေးခြင်းကို သုံးရက်ကျင်းပမည်ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် မြန်မာစာ၊ နေ့လယ်ပိုင်းတွင် အင်္ဂလိပ်စာ၊ ဒုတိယနေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ ဖြေဆိုရမည်ဖြစ်ပြီး တတိယနေ့တွင် မြို့နယ်အားကစားပြိုင်ကွင်း၌ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းတို့ စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။ မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲ၌ Grade 9 တွင် စာရင်းရှိကျောင်းသား၊ ကျောင်းသူ ၄၄ ဦးမှဖြေဆိုသူ ၄၁ ဦး၊ Grade 10 တွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၂၁ ဦးမှဖြေဆိုသူ ၂၀ ဦး၊ Grade 11 တွင် စာရင်းရှိကျောင်းသား၊ ကျောင်းသူ ၂၅ ဦးမှဖြေဆိုသူ ၂၃ ဦး စုစုပေါင်း ၈၄ ဦးဖြေဆိုပြီး အတန်းတစ်တန်းလျင် ကျောင်းသားတစ်ဦး ကျောင်းသူတစ်ဦးဖြင့် ကျောင်းသား၊ ကျောင်းသူ ၆ ဦး ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဌေး (တာဝန်ခံ)နှင့် ကော်မတီဝင်များက ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)