ကွမ်ခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျေးရွာများသို့ တိုင်းရင်းဆေးများဖြင့် ပြည်သူများအား (အခမဲ့)ကွင်းဆင်းကုသ

ကွမ်းခြံကုန်း နို၀င်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ဝါးကောက်တောကျေးရွာသို့ ကျန်းမာရေး၀န်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ခရိုင် တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းဆွေဦးဆောင်ပြီး ယမန်နေ့က တိုင်းရင်းဆေးပညာဖြင့် (အခမဲ့)ကွင်းဆင်း ဆေးကုသပေးခဲ့ ကြောင်း သိရသည်၊၊

အဆိုပါ ကွင်းဆင်းဆေးကုသမှုကို ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းဆွေနှင့် အတူကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေနိုင်၊ သန်လျင်မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်းနှင့် ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်ညိုညိုသင်းတို့က တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုပေးခဲ့ပြီး ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းဆွေက ဆောင်းရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း ဟောပြောခဲ့ရာ ရွာသူရွာသားများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ခရိုင်တိုင်းရင်းဆေးမှူးနှင့် ဆရာမများက တိုင်းရင်းဆေးဖြင့် ဒူးနာ၊ ခါးနာ၊ နှလုံး၊ သွေးတိုး၊ ဆီးချို၊ မီးယပ်၊ လေဖြတ်လေငန်း၊ ကြီးပေါင်းရောဂါ စသည့်လူနာ(၇၈)ဦးတို့အား အခမဲ့ဆေးကုသပေးခဲ့သည်။

အဆိုပါ လူနာများအား ရန်ကုန်မြို့ စကြာမင်း တိုင်းရင်းဆေးတိုက်နှင့် ထိရင်လန်တိုင်းရင်းဆေးတို့က်မှ တိုင်းရင်းဆေးဝါးများ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆွေနွယ်(IPRD)