မော်လမြိုင် နို၀င်ဘာ ၂၈
မော်လမြိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပညာရေးဌာနှင့် ပူးပေါင်း၍ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော အနာဂတ် ကြယ်ပွင့်ကလေးငယ်များဘ၀ အလင်းထွန်းတောက်လာစေဖို့ စာသင်ကျောင်းများအရောက် သွားရောက်၍ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ် စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် နို၀င်ဘာလ ၂၈ရက်နေ့ နံနက်ပိုင်းက အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းသို့ သုတ ရသစာအုပ် စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။
ထိုသို့ စာအုပ်များ ငှားရမ်းပေးရာတွင် ရုပ်ပြနှင့် အသိပညာ ဗဟုသုတများစွာ ရရှိမည့် သုတ/ ရသစာအုပ် စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တ နှစ်ပတ်လျှင် တစ်ကြိမ် လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးရာ စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာခဲ့ ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/သူ လူငယ်များ စာဖတ်ရှိန် မြင့်မားရေးနှင့် ပြင်ပဗဟုသုတများ တိုးပွားလာစေရေး စိတ်ဓာတ်ခွန်အားဖြစ်စေသော စာပေများ၊ ဗဟုသုတ ဖြစ်စေသော စာအုပ်၊ စာစောင်များကို ဖတ်ရှုစေခြင်းဖြင့် စာဖတ်ရှိန်များ မြင့်မားလာစေရန်၊ ပြင်ပဗဟုသုတများ တိုးပွားလာစေရန်၊ စာပေချစ်မြတ်နိုးသူများ ဖြစ်လာစေရန် အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရေး၊ စာဖတ်သည့် အလေ့အကျင့်များမှ စာပေချစ်သူများ ဖြစ်လာစေရေး၊ ပညာတတ် သားကောင်းရတနာများ ဖြစ်လာစေရေးတို့အတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်