မြောက်ဥက္ကလာပ စက်တင်ဘာ ၂၁
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များမှ အလှူငွေ များ၊ PPE ဝတ်စုံများနှင့် Mask များ လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ရန်ကုန် တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် အုပ်ချုပ် ရေးမှူးရုံးသို့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင် အသီးသီးမှ အလှူငွေစုစုပေါင်း (၄)သိန်းကျပ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဒေါ်စန်းစန်းမော် မိသားစုက PPE ဝတ်စုံ(၅၀)စုံ၊ ရွှေပေါက်ကံ (၁၆)ရပ်ကွက် ကျော်ဆေးဆိုင်မှ Mask (၅၀)ဗူး၊ Face Shield(၂၀)ခု၊ ပိုးသတ်ဆေး(၁)ဗူး၊ ဦသစ်လွင်၊ ဒေါ်ခင်ကျော်ရီ (artist life Art Gallery)မှ Mask (၂၀၀)ဗူး လှူဒါန်းရာ ရွှေပေါက်ကံ မြို့သစ်အုပ်ချုပ်ရေးရုံးအဖွဲ့မှူး ဦးနိုင်ဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် ဆက်စက်သူများကို Quarantine ထားရှိနိုင်ရန် Quarantine Center ကို အ.ထ.က(ခွဲ) လ(၁၀) ကျောင်းတွင် ပြင်ဆင် လျက်ရှိပြီး လှူဒါန်း ရရှိသည့် အလှူငွေများနှင့် ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို Quarantine Center နှင့် အခြားလိုအပ်သည့် နေရာများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)