သထုံ နိုဝင်ဘာ ၂၈
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ တစ်နိုင်တစ်ပိုင် ရာဘာစိုက်ပျိုးသူ တောင်သူများသည် ဒေသတွင်း ရာဘာဈေးနှုန်းများ ကျဆင်းနေသော်လည်း မိသားစု စားဝတ်နေရေးအရ ဆက်လက်လုပ်ကိုင် ရောင်းဝယ်နေကြဆဲဖြစ်ကြောင်း သိရသည်။
ရာသီအစဖြစ်သည့် စက်တင်ဘာလက မှိုင်းကျတစ်ပေါင်လျှင် ကျပ် ၁၅၀၀ ခန့် ရရှိသော်လည်း နိုဝင်ဘာလကုန်ပိုင်းတွင် တစ်ပေါင်လျှင် ကျပ် ၁၁၀၀ ခန့်သာ ရရှိပြီး ဈေးနှုန်းမတည်ငြိမ်ကာ ကျဆင်းလာသောကြောင့် လက်ရှိကုန်ဈေးနှုန်း အခြေအနေအရ ရာဘာစိုက်ပျိုး လုပ်ကိုင်နေကြသူများ အခက်အခဲများ ရှိနေကြကြောင်း သိရသည်။
"ခြံက အများကြီးလည်းမဟုတ်ဘူး၊ တစ်နိုင်တစ်ပိုင်ဘဲဆိုတော့ တက်ဈေးကို စောင့်ဖို့အတွက် လှောင်မထားနိုင်ဘူး။ အလုပ်သမားလစာနဲ့ အထွေထွေ ကုန်ကျစားရိတ်တွေ ကာမိအောင် တစ်လတစ်ခါရတဲ့ ရာဘာပြားတွေကို အဝယ်ဒိုင်က ပေးတဲ့ဈေးနဲ့ဘဲ ရောင်းရတယ်။ ဈေးကမကောင်းတော့ မှိုင်းမတင်တော့ဘဲ နေလှန်းပြားဘဲ ရောင်းတော့တယ်" ဟု ဝင်းပကျေးရွာမှ ရာဘာခြံလုပ်ငန်းလုပ်ကိုင်သူ ဒေါ်မြင့်အေးက ပြောသည်။
မြို့ကြီးများရှိ အဝယ်ဒိုင်များက မှာယူ၊ ဈေးဖြတ်၊ အော်ဒါရမှသာ ရာဘာ အရည်အသွေးကို ကြည့်၍ ဝယ်ယူရကြောင်း၊ လက်ရှိအချိန်တွင် နေလှန်းပြားများကိုသာ အများဆုံး ဝယ်ယူနေရပြီး ရာဘာပြား၏ အရည်အသွေး၊ အစို/အခြောက်အပေါ် မူတည်၍ ဈေးဖြတ် ဝယ်ယူနေ ကြောင်း၊ နေ့စဉ် ပေါင် ၁၈၀၀၀ ကျော်ခန့် ဝယ်ယူရရှိကြောင်း သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ ရွှေလက်ဆောင် ရာဘာရောင်းဝယ်ရေးလုပ်ငန်းမှ ဦးထင်လင်းစိုးက ပြောသည်။
မွန်ပြည်နယ်အတွင်း ဝယ်ယူနေသော ရာဘာပေါက်ဈေးသည် နေရာ၊ ဒေသအလိုက် ဈေးနှုန်း ကွာခြားချက်များ ရှိပြီး၊ ဈေးနှုန်းမတည်ငြိမ်မှုက တစ်နိုင်တစ်ပိုင် ရာဘာလုပ်ငန်း စိုက်ပျိုးလုပ်ကိုင်နေကြသူများအတွက် အခက်ကြုံစေပြီး၊ အိမ်နီးခြင်း နိုင်ငံများ၏ ရာဘာဈေးကွက်အောက် ဈေးနှုံးနိမ့်ကျနေကြောင်း ရာဘာစိုက်ပျိုး ထုတ်လုပ်သူများ၏ ပြောကြားချက်အရ သိရသည်။
နဒီ(ပြန်/ဆက်)