ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Comminity Centre ခန်းမတွင် စာဖတ်ခြင်းကိုလေ့လာခြင်း အသိပညာပေး Talk Show

ရန်ကင်း နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူငယ်လူရွယ်များ စာပေဖတ်ရှုမှု ပိုမိုများပြားလာစေရန်နှင့် စာကိုဘယ်လိုဖတ်ရမလဲဆိုတာကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Comminity Centre ခန်းမတွင် စာဖတ်ခြင်းကို လေ့လာခြင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်အိရွှေစင်က နိုင်ငံတစ်နိုင်ငံ တိုးတက်ခြင်း၊ ဆုတ်ယုတ် ခြင်းသည် နိုင်ငံ၏သယံဇာတကြွယ်ဝခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် မသက်ဆိုင်ဘဲ စာဖတ်နည်းခြင်း၊ စာဖတ်များခြင်းတို့အပေါ်၌သာ အခြေတည်ကြောင်း၊ စာပေဖတ်ရှုခြင်းကို အခြေခံ၍ အသိပညာ ဗဟုသုတများ၊ အတတ်ပညာများ ဖြစ်ထွန်းလာရမည်ဖြစ်ကြောင်း၊ အသိပညာအတတ်ပညာ ကြွယ်ဝမှသာနိုင်ငံတိုးတက်မှုကို အကောင်အထည်ဖော်နိုင်မည်ဖြစ် ကြောင်း၊ စာအုပ်စာပေများသည် လူသားများနှင့် ဆက်သွယ်ပေးနေသော ပေါင်းကူးတံတား သဖွယ်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ တရားလွှတ်တော်ရှေ့နေ စာရေးဆရာ မောင်မောက်(ဝတ်လုံ)က စာဖတ်ခြင်းကို လေ့လာခြင်းမှာ အကြောင်းအရာနက်နဲလှပါကြောင်း၊ စာဖတ်ခြင်းဖြင့် လူသားတို့၏ အတွေးအခေါ်အသိပညာ၊ အမှားအမှန်၊ ဆင်ခြင်တုံတရားများ မြင့်မားလာကြမည်ဖြစ်ကြောင်း၊ ဉာဏ် ရည်မြင့်မားသူသည် အခက်အခဲကို ကျော်ဖြတ်ရာတွင် အကြံကောင်း၊ ဉာဏ်ကောင်းများ ထွက်ပေါ်လာနိုင်ကြောင်း၊ စာပေသည် လူသားတို့ဉာဏ်ရည်ကို မြင့်မားလာအောင် ဖန်တီးပေးသော အကောင်းဆုံး အရာပင်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

သို့ဖြစ်ရာ စာဖတ်ခြင်းကိုလေ့လာမည်ဆိုလျှင် လေ့လာ၍ မကုန်နိုင်ကြောင်း၊ မည်သည့်စာပေမဆို အသိဉာဏ်ဗဟုသုတကို ပေးစွမ်းနိုင်ကြောင်းနှင့် ဆရာကြီးပီမိုးနင်းက စိတ်ကို အသိဉာဏ်ကအုပ်စိုး၏၊ အသိဉာဏ်ကို ဗဟုသုတက အုပ်စိုး၏၊ ဗဟုသုတကို စာပေက အုပ်စိုး၏၊ အသိ ဉာဏ်ဖွံ့ဖြိုးခြင်းအတွက် အကောင်းဆုံးအလုပ်မှာ စာဖတ်ခြင်းပင်ဖြစ်ကြောင်းပြောကြားခဲ့သည်ကို ရန်ကင်းမြို့နယ် ဦးစီးအရာရှိ ဒေါ်အိရွှေစင်က ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အိရွှေစင်(ပြန်/ဆက်)