ဆီဆိုင် နိုဝင်ဘာ ၂၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဝါးအသုံးပြု၍ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက တဘက်ကျေးရွာအုပ်စု၊ နမ့်စေ မြဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးမှူး ဒေါ်လွင်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်အောင်ကျော်မြင့်က သင်တန်း ဆင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာမှ သင်တန်းသား၊ သင်တန်းသူများအား ဝါးအသုံးပြု၍ လူသုံးကုန်ပစ္စည်းများ ထုတ် လုပ်မှုနည်းပညာ သင်တန်းတွင် စာတွေ့လက်တွေ့သင်ကြားပေးခဲ့သော နည်းပညာများအား ဆက်လက်လေ့လာကြရန်၊ တစ်ပိုင်တစ်နိုင်မှ စီပွားဖြစ် ထုတ်လုပ်ရောင်းချနိုင်အောင်ကြိုးစားကြရန်နှင့် မိမိတို့သင်ကြား တတ်မြောက်ခဲ့သောနည်းပညာများကို အဆင့် မြင့်ထုတ်လုပ်နိုင်အောင် ကြိုးစားကြ စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သင်တန်းတွင်ဆုရရှိခဲ့သော သင်တန်း သား၊ သင်တန်းသူများအား ဆုများချီးမြှင့်ပေးအပ်ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းနုက သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို နိုဝင်ဘာ (၉)ရက်နေ့မှ နိုဝင်ဘာ(၂၈)ရက်နေ့အထိ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)