မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာတွင် 1000LPH ရေသန့်စက် (RO System)နှင့် ရေသန့်စက်ရုံ တည်ဆောက်ထားရှိမှုအခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး

မိတ္ထီလာ နိုဝင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့်  1000LPH ရေသန့်စက် (RO System)နှင့် ရေသန့်စက်ရုံ တည်ဆောက်ထားရှိမှု အခြေအနေအား ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် နိုင်ငံတော်မတည်ငွေ သိန်း ၁၀၀နှင့် ပြည်သူလူထု၏ ထည့်ဝင်ငွေ သိန်း ၁၂၀တို့ဖြင့် 1000LPHရေသန့်စက် (RO System)နှင့် ရေသန့်စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောက်ရွက်ခဲ့သည်။ အဆိုပါ 1000LPHရေသန့်စက် (RO System)နှင့် ရေသန့်စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေကို မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကြည်စော၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆည်ကုန်းကျေးရွာမှ ကျေးရွာရေကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်က ရေသန့်စက်ရုံဆောင်ရွက်ပြီးစီးမှုနှင့် ရေသန့်စက်ရုံမှ ကျေးရွာအတွင်း ရေပေးဝေမှု အခြအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဦးစီးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆည်ကုန်းကျေးရွာကို ရေရရှိရေးလုပ်ငန်းများ မဆောင်ရွက်မှီကာလများတွင် ကျေးရွာနှင့် ဝေးကွာသည့် ရေချောင်းမှ ခက်ခဲစွာ ရေခတ်ယူရပြီး ယခုလို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာသို့ 1000LPHရေသန့်စက်(RO System)နှင့် ရေသန့်စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသည့်အတွက် သန့်ရှင်းသောရေကို အလွယ်တကူ သောက်သုံးနိုင်ပြီဖြစ်ကြောင်း ကျေးရွာရေ ကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်ထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)