ကျောက်ဖြူ နိုဝင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို ယနေ့ နံနက်(၉)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ အထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
ထိုသို့ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲအား ဝင်ရောက်ဖြေဆိုကြရာတွင် ယနေ့ (ပထမနေ့)၌ ရေးဖြေစစ်ဆေးမှုကို မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းကျောင်းများမှ အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူ(၁၄)ဦး၊ ဒသမတန်း ကျောင်းသား၊ ကျောင်းသူ(၁၂)ဦးနှင့် ဧကာဒသမတန်းမှ ကျောင်းသား၊ ကျောင်းသူ (၁၁)ဦးတို့က မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာရပ်အား ဝင်ရောက်ဖြေဆိုခဲ့ပြီး အဆိုပါ ကျောင်းသား၊ ကျောင်းသူများကို နိုဝင်ဘာ(၂၉)ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့စစ်ဆေးမှုအား မြို့နယ်ပညာရေးမှူးရုံးရှိ ကုမုဒြာခန်းမတွင်လည်းကောင်း၊ နိုဝင်ဘာ(၃၀)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို မြို့မအားကစား ဘောလုံးကွင်းကြီးတွင်လည်းကောင်း ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)