မိုင်းယုမြို့၌ လူကုန်ကူးတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြော

မိုင်းယု  နိုဝင်ဘာ  ၂၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် လူကြီးလူငယ်၊ အရွယ်မရွေး၊ ကျား/မ မရွေး လူကုန်ကူးခံရခြင်း မဖြစ်ပေါ်စေရေးအတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက တာကြန့်ကျေးရွာအုပ်စု၊ ဆမ်မိန်းကျေးရွာရှိ အခြေခံပညာ အလယ်တန်း(ခွဲ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် နယ်မြေခံစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်းက လူကုန်ကူးမှု၏ ပြစ်မှုပြစ်ဒဏ်များ၊ နိုင်ငံအတွင်း လူကုန်ကူးခံရမှု အမျိုးအစားများ၊ လူကုန်ကူးမှုဆိုင်ရာဖြစ်စဉ်များနှင့်  မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင် ဒေါ်ညိုညိုနိုင်က လူကုန်ကူးခြင်းသည် လူကြီးလူငယ်၊ အရွယ်မရွေး၊ ကျား/မမရွေး လူကုန်ကူးခံရတတ်ခြင်း၊ အချိန်မရွေး ဒေသမရွေးဖြစ်ပေါ်တတ်မှု၊ မိမိပတ်ဝန်းကျင်နှင့် မည်သည့်နေရာမဆို ဖြစ်ပေါ်တတ်မှုအခြေအနေများ စသည်တို့ကို ရှင်းလင်း ဟောပြောခဲ့ကြသည်။

ဟောပြောပွဲသို့ နယ်မြေခံစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဆမ်မိန်းအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာပြည်သူများ တက်ရောက်ကာ ဟောပြောမှုနှင့်ပတ်သတ်၍ သိရှိလိုသည်များကို ကျေးရွာပြည်သူများက ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်