မတ္တရာမြို့နယ်၌ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းဝေး

မတ္တရာ နိုဝင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဆွေမှ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယ ဗိုလ်မှူးကြီးဗဟိန်းမှ နယ်မြေအခြေအနေနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သည်များ၊ အဖွဲ့ဝင် (၃) ဦးသန်းထွန်းအောင်မှ  လက်ရှိဆောင်ရွက်နေသော စာရင်းဇယားများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲမှူးကျော်မိုးမှ မတ္တရာမြို့နယ်၏ နယ်မြေအခြေအနေနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပြောကြားခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ နယ်မြေအခြေအနေနှင့် ဆောင်ရွက်နေရသည့် လုပ်ငန်းတို့နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြရာ တက်ရောက်လာသူများမှ တင်ပြချက်များအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသို့ နှာခေါင်းစီး (Mask) နှင့် လက်သန့် ဆေးရည် ( Hand Gel) များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးကျော်သူထွေး (မတ္တရာ)